ဇူလိုင်လ (၁၄) ရက်။
ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က နမ့်စန်မြို့၊ မတ်ကျန်းကျေးရွာအနီးက နားရိုင်းကျေးရွာလမ်းခွဲမှာ RCSS/SSA အဖွဲ့၀င်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့သူတွေဟာ RCSS/SSA ရဲ့ စုမှူးအဆင့်ရှိသူနဲ့ တပ်သားအဆင့် (၄)ဦးတို့ဖြစ်ပြီး လက်နက်ငယ်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ (၄၃၇၆၅)၊ ဗုံးသီးမျိုးစုံ (၄၅၀)ခု၊ ကျည်အိမ်မျိုးစုံ (၁၅) ခုနဲ့ လွယ်ကြိုး(၁၅)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို RCSS/SSA အဖွဲ့က PNLA ထံက ရယူခဲ့ပြီး KNPP နဲ့ KNDF အပါအ၀င် KNLA တို့ထံ ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာလို့ ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်းတွေဟာ KIA ကထုတ်လုပ်တာဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးရမိခဲ့သူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါသေးတယ်။
ဒါ့အပြင် ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိဖို့အတွက်လဲ သူတို့ပုန်းခိုရာနေရာတွေနဲ့ လှုပ်ရှားသွားလာနေထိုင်တဲ့ သတင်းတွေကို သတင်းပေးတိုင်ကြားနိုင်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။