ဇူလိုင်လ (၁၅)ရက်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားသူတွေထဲမှာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပေမယ့် စစ်ကောင်စီကတော့ နေ့စဉ်ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။
ဇူလိုင်လ (၆)ရက်နေ့ကစပြီး ရန်ကုန်က မြို့နယ်အချို့မှာ ၀မ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၁၄)ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၆၈၃)ဦးအထိရှိပြီလို့ ဆိုပါတယ်။
၀မ်းရောဂါဖြစ်ပွားသူတွေထဲ လူနာ (၅)ဦး ကနဦးသေဆုံးခဲ့ပေမယ့် စစ်ကောင်စီက ငြင်းဆိုထားပြီး ဇူလိုင်လ (၁၃)ရက်နေ့က သင်္ဃန်းကျွန်းမြို့ရှိ စံပြဆေးရုံမှာ ၀မ်းရောဂါကြောင့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆန်ရေလူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။
အခုလို ၀မ်းရောဂါကြောင့် လူသေဆုံးတာ ထပ်ရှိခဲ့တာကို စစ်ကောင်စီကျန်းမာရေးက အသိပေးထုတ်ပြန်ထားတာမရှိဘဲ လူနာသစ်တွေ့ရှိသူဦးရေကိုသာ ထုတ်ပြန်ထားသလို ဇူလိုင်လ (၁၄)ရက်မှာ လူနာသစ် (၇၇)ဦးတွေ့ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
မနေ့က တွေ့ရှိခဲ့တဲ့ လူနာသစ် (၇၇)ဦးထဲ ပြင်းထန်၀မ်းရောဂါဖြစ်ပွားတဲ့လူနာ (၁၉)ဦးအထိရှိခဲ့ပြီး ရောဂါတွေ့ရှိခဲ့တဲ့ (၉)ရက်တာကာလထဲ ပြင်းထန်၀မ်းရောဂါဖြစ်ပွားသူ စုစုပေါင်းဟာ (၈၀)ကျော်အထိရှိလာပြီလို့ စာရင်းတွေမှာ ပြောဆိုထားပါတယ်။
အခုအခါ ရန်ကုန်တိုင်းထဲ ၀မ်းရောဂါတွေ့ရှိတဲ့သူတွေထဲက ဆေးရုံကဆင်းခွင့်ပြုထားသူ (၅၁၂)ဦးရှိပြီဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်န်းတွေကို အရှိမြှင့်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီကျန်းမာရေးက အသိပေးထားပါတယ်။
ရန်ကုန်တိုင်းထဲ ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားသေဆုံးသူတွေ ရှိနေတဲ့အတွက် အစားအသောက်ကို ဆင်ခြင်နေရတယ်လို့ ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။