ဇူလိုင်လ (၁၆)ရက်။
မိုးမိတ်မြို့နယ်ထဲ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ စကခ(၂၁)၊ ခလရ (၂၇၆)တပ်ဖွဲ့၀င်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် TNLA အပါအ၀င် PLA နဲ့ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက် (၁၁)လက်နဲ့ 60mm တစ်လက်အပါအ၀င် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် (၉)နာရီခွဲခန့်ကလဲ နောင်ချိုမြို့၊ ဘန့်ဘွေးရွာနဲ့ ရေဝင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သဲခေါ်ရွာအနီးရှိ TNLA တပ်စခန်းကို ဒရုန်းနဲ့ (၂)ကြိမ်၊ လက်နက်ကြီးနဲ့ (၃)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
မနေ့က (၉)နာရီခန့်ရှိ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်ဗျူဟာကုန်းကနေ ရေအေးရပ်ကွက်နဲ့ ပန်းမရွာကို လက်နက်ကြီးနဲ့ (၆)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အဲ့ဒီနေရာက အရပ်သား (၂)ဦးသေဆုံးခဲ့ကာ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။