ဇူလိုင်လ (၁၈)ရက်။
မြို့ပြဒေသမှာနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ ပစ်ခတ်တိုက်ခိုက်ကြချိန် ထိခိုက်တာလျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင်ထားဖို့ NUG လူသားချင်းစာနာမှု၀န်ကြီးဌာနရဲ့ မနေ့က အသိပေးထားချက်အရ သိရပါတယ်။
နိုင်ငံအနှံ့ စစ်ရေးအရှိန်မြှင့်တာတွေနဲ့အတူ မြို့ပြစစ်ပွဲတွေပါ ဖော်ဆောင်လာနေတာကြောင့် မြို့ပြဒေသတွေမှာနေထိုင်တဲ့ အရပ်သားတွေအနေနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ချိန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့ အသိပေးတာလို့ ဆိုပါတယ်။
ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ဖို့ခက်တဲ့ မြို့ပေါ်ရပ်ကွက်နေသူတွေနဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ နေသူတွေအနေနဲ့ နေအိမ်၀န်းခြံတွေထဲ အရေးပေါ်ခိုလှုံတဲ့နေရာတွေ ဆောင်ရွက်ထားပါက ထိခိုက်တာတွေ သက်သာစေမှာလို့ ဖော်ပြထားပါတယ်။
ပတ်၀န်းကျင်ကနေရရှိနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး နေအိမ်၀န်းခြံတွေထဲမှာ နည်းစနစ်တကျ အရေးပေါ်ခိုလှုံတဲ့နေရာတွေ ဖန်တီးနိုင်ကြဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလဲ ၀န်ကြီးဌာနက ထုတ်ပြန်ထားကာ ပြန်လည်မျှဝေကြဖို့ တိုက်တွန်းထားပါတယ်။
NUG ၀န်ကြီးဌာနက ထုတ်ပြန်ထားတာမှာ အရေးပေါ်ခိုလှုံရာနေရာနဲ့ အဆောက်အအုံတွေ တည်ဆောက်တဲ့ပုံစံအပါအ၀င် အဲ့ဒီလိုတည်ဆောက်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့ သတိပြုရမယ့်အချက်တွေကို ရေးသားထားပါတယ်။
အခုအခါ နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်ပွားလာသလို မြို့ပြတိုက်ပွဲတွေကိုပါ ဖော်ဆောင်နေပြီး မန္တလေးမြို့နဲ့ မိုင်(၄၀)ခန့်သာကွာဝေးတဲ့ ဒေသတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်လာနေပြီလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။