ဇူလိုင်လ (၁၉)ရက်။
ရန်ကုန်မှာ ၀မ်းရောဂါကို စတင်ထိန်းချုပ်နိုင်တဲ့အခြေအနေ ရောက်ရှိနေပြီလို့ စစ်ကောင်စီကျန်းမာရေး၀န်ကြီး သက်ခိုင်၀င်းက မနေ့က ရန်ကုန်ဆေးရုံကြီးမှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကာ ကိုဗစ်-၁၉ရောဂါလို ကူးစက်မြန်ရောဂါ ထိန်းချုပ်ဖို့နဲ့ ၀မ်းရောဂါကို ကပ်အသွင် မဖြစ်ပွားအောင် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးထဲ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ ၀မ်းရောဂါဖြစ်ပွားတဲ့အခြေအနေအပါအ၀င် ကာကွယ်ထိန်းချုပ်ဖို့လုပ်ငန်းတွေ ဆောင်ရွက်တာတွေကို တင်ပြခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ၀န်ကြီးက ရောဂါထိန်းချုပ်နိုင်ပြီလို့ ပြောဆိုခဲ့တဲ့ရက်မှာပဲ ၀မ်းရောဂါဖြစ်ပွားတဲ့ လူနာသစ် (၈၁)ဦးတွေ့ရှိခဲ့ကာ ပြင်းထန်၀မ်းရောဂါလူနာ (၄)ဦး ပါ၀င်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ (၆)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ ရန်ကုန်က မြို့နယ်အချို့မှာ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာဦးရေဟာ (၉၀၀)ကျော်အထိ ရှိလာပြီဖြစ်ကာ ပြင်းထန်၀မ်းရောဂါလူနာ (၉၀)ကျော် တွေ့ရှိထားတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ (၁၈)ရက်နေ့အထိ ၀မ်းရောဂါဖြစ်ပွားသူတွေထဲက လူနာ (၈၈၃)ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ၀မ်းရောဂါကြောင့် သေဆုံးတဲ့စာရင်းကိုတော့ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။