ဇူလိုင်လ (၂၄)ရက်။
ကျောက်မဲမြို့ထဲကို ၀င်ရောက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူတွေကို TNLA ရဲ့ ပူးပေါင်းတပ်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ မနေ့က ကျောက်မဲမြို့ထဲ ၀င်လာတဲ့ စစ်ကောင်စီစစ်ကူတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက အပြီးတိုင် ရှင်းလင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ မြို့ကိုလဲ ပြန်လည်ထိန်းချုပ်ထားနိုင်ပါပြီ၊ ဖမ်းဆီးရမိတာတွေလဲ ရှိတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
အခုအခါ ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကာ စစ်ကောင်စီလွှတ်လိုက်တဲ့ အင်အား (၃၀၀)နီးပါးရှိတဲ့ စစ်ကူတွေထဲက အချို့ကို ဖမ်းဆီးရမိခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
“ အင်အား (၃၀၀)နီးပါးရှိတဲ့ စကစ စစ်ကူတွေထဲက တ၀က်ကျော်လောက်ကို ရှင်းလင်းနိုင်ခဲ့တာလို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောလာပါတယ်။ လက်ကျန် စကစစစ်ကူတွေလဲ တဖက်ကို ပြန်ဆုတ်ခွာသွားပါပြီ” လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်က စစ်ကောင်စီရဲ့ ခမရ(၅၀၁)နဲ့ (၅၀၂)တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အသေးစိတ်ကိုတော့ TNLA ဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ကျောက်မဲမြို့တိုက်ပွဲထဲ ဇူလိုင်လ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၅)ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၆၈)ဘက်မှာလဲ ဒီကနေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေကာ လားရှိုးအကျဉ်းထောင် ကျသွားပြီဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။