ဇူလိုင်လ (၂၆)ရက်။
မနေ့က နေပြည်တော်မှာ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေအပါအ၀င် အတွင်းရေးမှူးချုပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ စစ်အာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲထဲ ဘင်းမ်စတက်အဖွဲ့၀င်နိုင်ငံတွေအကြား စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အပါအ၀င် လူမှုရေးဆိုင်ရာလိုအပ်ချက်တွေနဲ့ ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်တာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဖွဲ့၀င်နိုင်ငံတွေအကြား မူးယစ်တိုက်ဖျက်ဖို့၊ အကြမ်းဖက်နှိမ်နင်းဖို့၊ လူကုန်ကူးတာနဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသတွင်းနိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေကနေတဆင့် တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ဖို့ ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေအပါအ၀င် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာတွေကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးအပါအ၀င် စစ်ကောင်စီဥက္ကဋ္ဌရုံး၀န်ကြီး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ စိုက်/မွေး/ဆည်၀န်ကြီးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။