ဇူလိုင်လ (၂၈)ရက်။
ရွေးကောက်ပွဲ ပြင်ဆင်နေတာကို အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E.Shri Ajit Dova နဲ့ ဇူလိုင်လ (၂၆)ရက်နေ့က နေပြည်တော်မှာတွေ့ဆုံချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံခဲ့ချိန် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေအပါအ၀င် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရှုံးစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ခုနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ ပြုလုပ်တာဟာ စစ်တပ်အတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူတွေတရပ်လုံးအတွက် အကောင်းဆုံးထွက်ပေါက်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေက ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒေသထဲအခြေအနေကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး အဲ့ဒီအတုအယောင် ရွေးကောက်ပွဲကို ငြင်းဆန်ကြဖို့ အာဆီယံအပါအ၀င် နိုင်ငံတကာကို NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။