ဇူလိုင်လ (၂၉)ရက်။
၂၀၂၄ခုနှစ် နှစ်၀က်ထဲ လောင်းလုံမြို့နယ်အပါအ၀င် ထား၀ယ်နဲ့ သရက်ချောင်းမြို့တို့မှာ စစ်ဆင်ရေး (၂၄)ခု ဖော်ဆောင်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ဆင်ရေး (၂၄)ခုဟာ ထား၀ယ်နဲ့ လောင်းလုံမြို့ပေါ် စစ်ဆင်ရေး (၅)ကြိမ်၊ ဖြတ်တောက်စစ်ဆင်ရေး (၅)ကြိမ်၊ ရေကြောင်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ စစ်ကောင်စီစခန်း စစ်ဆင်ရေး (၁၂)ကြိမ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်က စစ်ဆင်ရေးတွေထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၇)ဦး၊ ထား၀ယ်မြို့နယ်နဲ့ မြို့ထဲစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၁၆)ဦးနဲ့ လောင်းလုံမြို့နယ်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့၀င် (၆၉)ဦးသေဆုံးခဲ့ကာ (၅၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးတွေထဲ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်ခွဲမှူးတစ်ဦးနဲ့ ရဲဘော် (၂)ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အခုနှစ်၀က် စစ်ဆင်ရေးတွေထဲ ထား၀ယ်မြို့ရှိ စစ်ကောင်စီရဲ့ ကျောက်ထုစစ်ဆင်ရေးခြေကုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆)ရက်နေ့ကလဲ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး MA1 တစ်လက်၊ MA3 တစ်လက်၊ မက်ကဇင်း (၂)ခုနဲ့ ကျည် (၄၁)တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။