ဇူလိုင်လ (၃၀)ရက်။
ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့က တိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း (၇၀)ကျော်နဲ့ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်မဲမြို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးပြီး စစ်ကောင်စီရဲ့ တပ်မ (၁၁)၊ ခမရ (၅၀၁)တပ်စခန်းတို့ကနေ လက်နက် (၃၇)လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေဟာ MA1 (၉)လက်၊ MA2 (၂)လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 (၁)လက်၊ RPG (၁)လက်၊ ၄၅မမ (၁)လက်၊ ၆၀မမ (၁)လက်၊ Pistol (၁)လက်အပါအ၀င် စကားပြောစက်၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ ဖြူရောင်ကုန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို TNLA က လိုက်လံရှင်းလင်းခဲ့ရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်း (၂၃)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့မှာ လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော်(TNLA)က လိုက်လံရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကုန်းကနေ လက်နက် (၁၃)လက် သိမ်းဆည်းရမိခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလက်နက်တွေဟာ သေနတ် (၈)လက်၊ RPG (၁)လက်၊ ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်နဲ့ ၈၁မမ နောက်ပွင့် (၁)လက်တို့ဖြစ်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။