ဩဂုတ်လ (၇)ရက်။
ရန်ကုန်ရှိ အနောက်ပိုင်းတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ စည်းရုံးဟောပြောပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တက္ကသိုလ်ထဲက ကျောင်းသားတွေကို စစ်မှုထမ်းရင် လစာအနေနဲ့ တလကို (၁၅၀၀၀၀)ကျပ် ပေးမယ်ဆိုတာကို “ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း” ခေါင်းစဉ်ပါ ဝါဒဖြန့်ချီတဲ့စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဲ့ဒီဟောပြောပွဲကို တက်ရောက်တဲ့ ကျောင်းသားတွေကို သတင်းပေါက်ကြားမယ့် စိုးရိမ်ချက်နဲ့ ဖုန်းတွေကို သိမ်းဆည်းခဲ့ကာ အနောက်ပိုင်းတက္ကသိုလ်မှာတော့ လွန်ခဲ့တဲ့ (၂)ပတ်ခန့်က ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေးရှုံးနိမ့်ယိုင်နဲ့နေတဲ့ စစ်ကောင်စီတပ်ဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေတာ၊ ပေါ်တာဆွဲတာတို့ကို စစ်မှုထမ်းဥပဒေကြေညာပြီးတဲ့နောက် ဆက်တိုက်ပြုလုပ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်မှာပါတဲ့ ပညာသင်ကြားနေသူတွေ စစ်မှုထမ်းတာ၀န်ကို ရွှေ့ဆိုင်းနိုင်တယ်ဆိုပေမယ့် အခုလို ကျောင်းသားတွေကို ဟောပြောစည်းရုံးတာဟာ “ ကိုယ်မွေးထားတဲ့ကြက် ဘယ်အချိန်ရိုက်သတ်သတ် ရတယ်” ဆိုတဲ့သဘော မြင်တွေ့ရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေကို ဓါးစာခံဖမ်းခေါ်တာနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ဗြောင်လိမ်နေတာတို့ကြောင့် သတိကြီးစွာနဲ့ တော်လှန်ရေးပန်းတိုင် နိုင်ငံတော်သစ်ကို အောင်ပွဲ၀င်နိုင်ဖို့ တိုက်ပွဲ၀င်ရန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။