ဩဂုတ်လ (၈)ရက်။
လားရှိုးမြို့က နေရပ်ပြန်လာသူတွေကို ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ကူညီဝေငှခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လားရှိုးမြို့ကို နေရပ်ပြန်လာကြတဲ့ ဒေသခံတွေ အသုံးပြုနိုင်ဖို့အတွက် တာ၀န်ကျစခန်း အများအပြားမှာ ဆက်သွယ်ရေးကွန်ရက်တွေ ချထားပေးခဲ့တယ်လို့ ဆိုပါတယ်။
အထူးဒေသ(၁)ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအဖွဲ့တွေအနေနဲ့ မြို့ထဲမှာ နေ့တိုင်း ကင်းလှည့်နေပြီး မြို့ထဲက ပြည်သူတွေ အခက်အခဲရှိပါက လုံခြုံရေးတပ်ဖွဲ့၀င်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ အကူအညီတောင်းခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လားရှိုးမြို့ထဲက အိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖောက်ထွင်းခိုးယူသူတွေ တွေ့ရှိရင် လုံခြုံရေးအဖွဲ့တွေ၊ မဟာမိတ်တပ်တွေနဲ့ စစ်သားတွေကို တိုင်ကြားအကူအညီတောင်းခံနိုင်တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလဲ ကောင်းမွန်စွာဆက်ဆံတဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်ကာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ကယ်ဆယ်ကုသပေးနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်(MNDAA)အနေနဲ့ စစ်ကောင်စီတပ်ရဲ့ မိသားစု၀င်တွေကို ပြန်လွှတ်ပေးနေပြီး မိသားစုတစုစီအတွက် ခရီးစရိတ် (၅၀၀၀၀)ကျပ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။