ဩဂုတ်လ (၈)ရက်။
သံတွဲမြို့ကို သိမ်းပိုက်ထားတဲ့ AA က သံတွဲအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အခြားအကျဉ်းသား (၃၇၂)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသားတွေကို ကယ်ထုတ်နေချိန် စစ်ကောင်စီရဲ့ လက်နက်ကြီးစထိမှန်ပြီး (၅)ဦးသေဆုံးကာ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ထုတ်လာခဲ့တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား (၄၃)ဦးပါ၀င်ကာ အဲ့ဒီအထဲက (၂)ဦးသေဆုံးခဲ့တာဖြစ်ပြီး ကျန် (၄၁)ဦးထဲမှာ ရောဂါ၊ ဒဏ်ရာရသူတွေနဲ့ ကျန်းမာရေး အရေးတကြီးလိုအပ်နေသူ (၁၇)ဦးကို ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
အရင်ရက်တွေက စစ်ကောင်စီရဲ့ ပင်လယ်ပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာအပြင် လက်နက်နဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို လိုက်လံရှင်းလင်းနေရတာနဲ့ ရေကြီးတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို လုံခြုံတဲ့နေရာမှာ ခေတ္တနေရာချထားခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခုအချိန်မှာ လုံခြုံရေးအာမခံချက် အတိုင်းအတာတခုအထိ ရှိပြီဖြစ်တာကြောင့် အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ နေအိမ်နဲ့ မိသားစုတွေဆီ ဩဂုတ်လ (၆)ရက်ကစပြီး ပြန်လည်ပို့ဆောင်ပေးနေတာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၄၁)ဦးကို AA ရဲ့ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာ၀န်ရှိသူတွေက အချက်အလက်တွေ စိစစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေအရ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေနဲ့ အရေးပေါ်စား၀တ်နေရေးတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ရာဇ၀တ်အကျဉ်းသားတွေကိုလဲ ဆက်လက်ထိန်းသိမ်းထားပြီး သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်လည်စစ်ဆေးနေကာ တရားနည်းလမ်းကျကျ ကိုသ်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။