ဩဂုတ်လ (၁၄)ရက်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ မိသားစု၀င် (၃)ဦးကို လုယက်သတ်ဖြတ်ခဲ့သူတွေဆိုတဲ့ လူငယ် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့တဲ့သူ (၂)ဦးဟာ အသက် (၁၉)နှစ်အရွယ်ရှိတဲ့ ၀င်းမင်းသူ(ခ)ဖိုးလပြည့်(ခ)ဇော်ဇော်နဲ့ ရဲထက်ကျော်တို့ဖြစ်ပြီး ပုဗ္ဗသီရိမြို့နဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့တို့မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့သူ (၂)ဦးဟာ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစု၀င် (၃)ဦးထဲက နောင်ရွှေအုပ်စိုးနဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဆိုင်ကယ်အသစ်၀ယ်ယူဖို့ ငွေကြေးလိုအပ်ချက်ကြောင့် ကျူးလွန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းမိသူ (၂)ဦးဟာ နောင်ရွှေအုပ်စိုးနဲ့ မူးယစ်ဆေးဝါးအတူ သုံးစွဲလေ့ရှိကာ သူ့ရဲ့နေအိမ်မှာ အရက်နဲ့ ထန်းရည်တို့ အတူသောက်လေ့ရှိပြီး သတ်ဖြတ်ခံရသူတွေဟာ နောင်ရွှေအုပ်စိုးအပါအ၀င် မိဘတွေဖြစ်တဲ့ ဦးသန်းနိုင်ထွန်းနဲ့ ဒေါ်စောသန္တာဦးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလို ငွေကြေးလိုအပ်ချက်ကြောင့် လုယက်သတ်ဖြတ်မှုကျူးလွန်သူ (၂)ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။