ဩဂုတ်လ (၁၄)ရက်။
ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆၄)ဦးသေဆုံးကာ ဒုဗိုလ်မှူးကြီး (၁)ဦးနဲ့ ဗိုလ်မှူး (၂)ဦးအပါအ၀င် (၂၀)ဦး ဖမ်းမိခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တကောင်းမြို့ကို ဩဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး တိုက်ခိုက်ခဲ့ကာ ဩဂုတ်လ (၁၂)ရက်နေ့ ညနေပိုင်းအချိန်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
တကောင်းမြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး ရဲခေါင်နဲ့ ဗိုလ်မှူး မိုးသွင် ဦးစီးပြီး တတက(၁၃)၊ ဗိုလ်မှူး မိုးဝင်း ဦးစီးတဲ့ စခတ(၂)အပါအ၀င် ရဲအုပ် အောင်ကိုဝင်း ဦးစီးတဲ့ ရဲတပ်ဖွဲ့နဲ့ ဒုမြို့နယ်မှူး ဇော်လင်းနိုင်တို့ အခြေပြုနေထိုင်တဲ့ ထွေအုပ်ရုံး၊ ဆေးရုံနဲ့ ရဲစခန်းတို့ကို ဩဂုတ်လ (၁၁)ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လေးမျက်နှာဘုရားကို ဩဂုတ်လ (၁၂) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်မျိုးစုံ (၈၃)လက်၊ ကျည်မျိုးစုံ (၁၄၀၀၀)ကျော်နဲ့ ဗုံးသီးမျိုးစုံ (၁၃၀)ခန့် သိမ်းဆည်းရမိခဲ့ကာ ပြည်သူ့တော်လှန်ရေး ရဲဘော် (၂)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
တကောင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံးကွပ်ကဲမှုနဲ့ အထူးလှုပ်ရှား တပ်ရင်း (၃)၊ အမှတ် (၅၁၁)တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၄)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ်/တကောင်းတိုက်နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။