ဩဂုတ်လ (၁၅)ရက်။
ဩဂုတ်လ (၉)ရက်နေ့ ည (၇)နာရီ (၄၈)မိနစ်အချိန်က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်းတပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ စွယ်တော်ကုန်းတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ (၈၁)မမ လက်နက်ကြီး (၁)လုံးဟာ ထီးမူးထရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် (၁)ဦးသေဆုံးပြီး ကလေး (၂)ဦးအပါအ၀င် (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ အသက် (၉)လအရွယ်ရှိ စောလေးလိုဝါးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာ (၅)နှစ်အရွယ်နဲ့ (၄)နှစ်အရွယ်ကနေ (၅၅)နှစ်အရွယ်အထိပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတစ်ရက်ထဲ မူးမြိုနယ်မှာ စစ်ကောင်စီရဲ့ ခလရ(၇၃)တပ်ရင်းက လက်နက်ကြီး (၉)လုံး ပစ်ခတ်ခဲ့ရာ သပြေညွှန့်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအပါအ၀င် နေအိမ် (၅)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် သပြေညွှန့်ကျေးရွာအပါအ၀င် မယ်ဇံဖြူ၊ လယ်ရှာထူးနဲ့ ဆောဝါဒဲကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၁၀)ရက်နေ့ ညပိုင်းကလဲ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ငါးရှာနေတဲ့ မုက္ခမော့ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။