ဩဂုတ်လ (၁၆)ရက်။
အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် (၅၇)ခုအထိရှိခဲ့တယ်လို့ ISP-Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေ စုစုပေါင်း (၁၂၂၄)ဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ထဲမှာ စစ်ကိုင်းတိုင်းရှိ မြို့နယ် (၁၇)ခုမှာ စုစုပေါင်း (၃၂)ခုထက်မနည်းရှိခဲ့ပြီး အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား (၆၆၂)ဦးထက်မနည်းရှိခဲ့ပြီး စုစုပေါင်း ပမာဏရဲ့ (၅၄)ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အခုနှစ် (၆)လတာကာလထဲ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အရပ်သားဦးရေဟာ (၃၅၉)ဦးထက်မနည်း ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ဖြစ်စဉ် အများစုဟာ စစ်ကောင်စီက မသင်္ကာမှုနဲ့ ဖမ်းဆီးသတ်ဖြတ်တာအပါအ၀င် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေထဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေဟာ တားမနိုင်ဆီးမရ ဖြစ်နေဆဲဖြစ်ကာ တချိန်မှာတော့ တာ၀န်ယူ တာ၀န်ခံရမယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။