ဩဂုတ်လ (၁၉)ရက်။
ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က အုတ်ဖိုမြို့က နှောကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်၀င်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်၀င်းကို သူနေထိုင်တဲ့ အုန်းပင်စုကျေးရွာရှိ လမ်းမဘေးမှာ သာယာ၀တီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ရဲဘော်တွေက သေနတ်နဲ့ (၃)ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အောင်၀င်းထံကနေ လက်ပစ်ဗုံးတစ်လုံး၊ ကျည်လွဲအဆောင် (၁)ခု၊ မှတ်ပုံတင်တစ်ခု၊ စစ်မှုထမ်းထောက်ပံ့ငွေ ကောက်ခံတဲ့ စာရင်းစာအုပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောင်၀င်းဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာနေတဲ့ လမ်းတွေဆိုပြီး ပြည်သူတွေအသုံးပြုနေတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးခိုင်းတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် PDF ရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့တာ၊ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံပေးနေတာလို့ ပြောဆိုထားပါတယ်။
အုပ်ချုပ်ရေးမှူး အောင်၀င်းက ဒေသခံတွေကို စစ်ကောင်စီတွေ ထုတ်ပေးထားတဲ့ လက်ပစ်ဗုံးပြပြီး လက်နက်အားကိုးနဲ့ ဖိနှိပ်ဒုက္ခပေးနေတာကြောင့် အခုလို အရေးယူရတာဖြစ်တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။