ဩဂုတ်လ (၂၁)ရက်။
ဒီပဲယင်းမြို့မရဲစခန်းထဲ စစ်ကောင်စီဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀)ကျော်ကို တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထောင်၀င်စာပို့ကြမယ်အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က ဒီပဲယင်းမြို့နဲ့ မြိုနယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာ ရဲစခန်းထဲကနေ နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ကယ်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၂၀)ကျော်ဟာ စစ်ကောင်စီက ဒီပဲယင်းမြို့မရဲစခန်းမှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပြီး နိုင်/ကျဉ်းတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ ရွှေဘိုခရိုင်ကွပ်ကပ်ရေး(၁)နဲ့ MOD တပ်ရင်းတွေ၊ Local PDF တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်အားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့က ပြောဆိုထားပါတယ်။
ဒီပဲယင်းမြို့ကို ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ (၁၈)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၈)ဦးသေဆုံးကာ (၁၀)ဦးဒဏ်ရာရခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက မနေ့က ထုတ်ပြန်ထားပါတယ်။
မြို့သိမ်းတိုက်ပွဲထဲ ပျူစောထီး (၂)ဦး လက်နက်ချ အလင်း၀င်ခဲ့ပြီး Non-CDM (၄၀)ဦး၊ အချုပ်သား (၂၀)ဦး၊ ပြည်သူ (၇၂)ဦးကို ကယ်တင်နိုင်ခဲ့ကာ လက်နက်မျိုးစုံ (၂၂)လက်၊ ကျည်မျိုးစုံ (၄၉၀၀)ခန့်၊ ဗုံးသီးမျိုးစုံ (၅၇)လုံး၊ မိုင်းမျိုးစုံ (၂၀)လုံး၊ ကျည်အိမ် (၈)ခုနဲ့ ငွေကျပ် သိန်း (၃၄၀)ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ဩဂုတ်လ (၁၉)ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
အခုအခါ စစ်ကောင်စီဟာ ဒီပဲယင်းမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ထဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေက မနေ့က နေ့လယ်ပိုင်းအချိန်ကစပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ မြေပြင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။