ဩဂုတ်လ (၂၁)ရက်။
မနေ့က နံနက် (၄)နာရီအချိန်မှာ ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ သာကြီးတောင်ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ သာကြီးတောင်ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက (၇)နာရီကြာ တိုက်ခိုက်ခဲ့ပြီးနောက် နံနက် (၁၁)နာရီအချိန်မှာ စီးနင်းသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၂)ဦး အလံဖြူထောင်အညံ့ခံခဲ့သလို တစ်ဦးကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီထံကနေ G3 (၂)လက်၊ BA 94 (၄)လက်၊ MA 13 (၁)လက်၊ ဒရုန်းပစ်သေနတ် (၁)လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ မိုင်းအမျိုးမျိုးနဲ့ ငွေသား ကျပ်သိန်း (၆၀)ကျော်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ပေမယ့် လေကြောင်းပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြိုင်ပကဖ၊ ပေါက်ပကဖ(တပ်ပေါင်းစု)၊ FRF တပ်ဖွဲ့၊ BGF တပ်ဖွဲ့၊ ပကဖတပ်ပေါင်းစု အမှတ် (၁)တပ်ရင်းနဲ့ ကမ္မတပ်ပေါင်းစုတို့က အတူတကွ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။