ဩဂုတ်လ (၂၁)ရက်။
တော်လှန်ရေးခရီးဆုံးတဲ့အထိ အတူတကွ ဆက်လက်ပါ၀င်ချီတက်ဖို့ NUG ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးထဲ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အရေးတော်ပုံ အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို အရင်းတည်ပြီး လက်ဗလာနဲ့စတင်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေးဟာ ဒီကနေ့အချိန်မှာ ဖြစ်နိုင်ပါ့မလားဆိုတာတွေကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်လာနိုင်ခဲ့ပြီး အောင်ပွဲက လက်တကမ်းအလိုကို ရောက်နေပြီလို့ ဆိုပါတယ်။
“ နွေဦးတော်လှန်ရေး ဘယ်အခြေအနေကို ရောက်နေပြီလဲလို့မေးရင် ဒီကနေ့ တွေ့နေ၊ မြင်နေ၊ ကြားနေကြတဲ့ အခြေအနေတွေက ဘယ်ရောက်နေပြီလဲဆိုတာကို ပုံဖော်ပြနိုင်မှာဖြစ်ပါတယ်” လို့ ပြည်ထောင်စု၀န်ကြီးချုပ်က ဆက်ပြောပါတယ်။
လူထုတော်လှန်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံကပေါင်းစပ်ပြီး ကျရာတာ၀န်၊ နိုင်ရာတာ၀န်ထမ်းပြီး ချီတက်လာခဲ့တဲ့ ပြည်သူတစ်ဦးချင်းစီကို အလွန်လေးစားတန်ဖိုးထားတယ်လို့လဲ ပြောဆိုထားပါတယ်။
ဒါ့အပြင် အစည်းအဝေးထဲ စစ်ရေးအရ အောင်မြင်တာတွေဖြစ်တဲ့ စခန်းသိမ်း၊ မြို့သိမ်းပြီးတဲ့နောက်မှာ ဆက်လက်ထိန်းထားဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ကိစ္စရပ်တွေအတွက် စနစ်တကျ ပြင်ဆင်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအသိုက်အ၀န်းတွေရဲ့ စိုးရိမ်သလိုလို၊ စိတ်ပူသလိုလိုနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ယုံကြည်မှုနည်းပါးပြီး ပြောဆိုနေတဲ့အပေါ် ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်လို့ ပြည်ထောင်စု၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။