ဩဂုတ်လ (၂၃)ရက်။
ဩဂုတ်လ (၁၉)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၃၂)တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ KNLA ထံ လက်နက်ချပူးပေါင်းခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၃၂)တပ်ရင်းက အသက် (၂၁)နှစ်အရွယ်ရှိ ကိုယ်ပိုင်အမှတ် (တ/၅၇၇၈၀၀) တပ်သား ဇင်မင်းအောင်ဟာ KNLA တပ်မဟာ(၆) တပ်ရင်း(၁၇)ထံ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား ဇင်မင်းအောင်ဟာ MA-1 (၁)လက်၊ ကျည်ဘောက် (၈)ဘောက်၊ ကျည်တောင့် (၂၀၆)တောင့်၊ အီနာဂါ (၁)လုံးနဲ့ အီကွေးမင့် (၁)စုံတို့နဲ့အတူ လက်နက်ချပူးပေါင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်းနဲ့အတူ KNLA ထံလက်နက်ချလာတဲ့ တပ်သား ဇင်မင်းအောင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်သွားမယ်လို့ ပြောဆိုထားပါတယ်။
လက်နက်ချပူးပေါင်းလာတဲ့ တပ်သား ဇင်မင်းအောင်ကို KNLA တပ်မဟာ(၆)က သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။