ဩဂုတ်လ (၂၈)ရက်။
စစ်ရှိန်မြှင့်နိုင်သမျှမြှင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ NUG ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုဟာ လာမယ့်နှစ်ထဲ နောက်ဆုံးထွက်ပေါက်အနေနံ့ အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဖို့ရှိနေပြီး ထောက်ခံတဲ့နိုင်ငံအချို့ကလဲ ရှိနေတာကြောင့် ရတဲ့နည်းနဲ့ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဒါကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး တစ်ဖက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဖက်ကလဲ နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်” လို့ ပြည်ထောင်စု၀န်ကြီး ချုပ်က ပြောဆိုခဲ့ပါတယ်။
စစ်အုပ်စု နိဂုံးချုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနဲ့ အသင့်အနေအထားဖြစ်အောင် ပြင်ဆင်ရမှာဖြစ်သလို အချင်းချင်း ယုံကြည်မှုတိုးပွားပြီး အတူလက်တွဲလုပ်ကိုင်ရင်း ပုံဖော်ချင်တဲ့ အနာဂတ်ကို အတူစဉ်းစားနိုင်မှာလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
စစ်ရေးရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ ပြည်သူကိုချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့အတူ အဆုံးစွန်အထိ ဆွဲချသွားချင်နေကာ တော်လှန်ရေးအင်အားစုတွေ အထူးသတိထားစောင့်ကြည့်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် အထွေထွေအကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ ပြည်သူကို ဒုက္ခပေးဖို့ အချိန်နဲ့အမျှစဉ်းစားနေတဲ့ စစ်အုပ်စုကို အမြန်နိဂုံးချုပ်မှသာ ပြည်သူတွေ အသက်၀၀ပြန်ရှုနိုင်မှာလို့ ပြည်ထောင်စု၀န်ကြီးချုပ်ရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။