စက်တင်ဘာလ (၂) ရက်။
ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ MNDAA,TNLA နဲ့ AA တိုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုအဖွဲက ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ နိုင်ငံပိုင်အဆောက်အအုံတွေကို ဖျက်စီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီးတိုက်ခိုက်တာနဲ့ လူသစ် အတင်းအဓမ္မစုဆောင်းတွေ လုပ်နေတယ်လို စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ပုဒ်မ(င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ) အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တာလို့ စစ်ကောင်စီက ဖော်ပြပါတယ်။။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်က မြိုနယ် ၂၀ ကျော်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာလည်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လားရှိုး၊ မိုးကုတ်စတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာလည်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက TNLA ကို တရုတ်နိုင်ငံက တိုက်ပွဲရပ်ဖို့ ဖိအားပေးတဲ့ကြေညာချက် ထွက်ပေါ်နေချိန် စစ်ကောင်စီက အခုလို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာ ဖြစ်ပါတယ်။