စက်တင်ဘာလ (၄)ရက်။
နိုင်ငံတ၀န်း တည်ငြိမ်အေးချမ်းတာ ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ကြီးမြို့ခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တောင်ကြီးခရီးစဉ်ထဲ စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်ပေါ်နေတာကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေတယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။
နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေကို ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အဦတွေ အသုံးပြုတာ၊ လူသားတံတိုင်းလုပ်တာနဲ့ လူသစ်စုဆောင်းနေတယ်လို့ စွပ်စွဲထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေး၊ ပဲခူးနဲ့ ရန်ကုန်မြို့တို့ကို ရောက်ရှိခဲ့ချိန်မှာလဲ နယ်မြေလုံခြုံရေးကိစ္စတွေနဲ့ တည်ငြိမ်အေးချမ်းဖို့ ပြန်လုပ်မယ်လို့ ထပ်ခါထပ်ခါ ပြောဆိုခဲ့ပါသေးတယ်။
တော်လှန်ရေးတပ်တွေရဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ အခုအချိန်မှာတော့ မန္တလေးမြို့နဲ့ နီးကပ်လာပြီဖြစ်သလို အခုရက်ပိုင်းကစပြီး နန်းမြို့ရိုးထဲနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ လက်နက်ကြီးအပါအ၀င် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံနေရတာပါ။
စစ်ရှုံးစစ်ကောင်စီအနေနဲ့ နိုင်ငံတ၀န်း တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတာကြောင့် နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေကာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို မပါ၀င်ဘဲ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။