စက်တင်ဘာလ (၁၀)ရက်။
ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် လူမဆန်တဲ့လုပ်ရပ်အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ လေကြောင်းနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် ထပ်တူ၀မ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခအရှိန်အဟုန် မြင့်တက်လာနိုင်တာကြောင့် အသက်ဘ၀လုံခြုံရေးအတွက် သတိဝိရိယရှိစွာ နေထိုင်ကြဖို့နဲ့ လူသားဒိုင်းလို အသုံးချခံမဖြစ်စေဖို့ကို အထူးဂရုစိုက်နေကြဖို့ နှိုးဆော်ထားပါတယ်။
တပြည်လုံးရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေကို ငဲ့ညာတဲ့အနေနဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေထဲ နေထိုင်သွားလာတာနဲ့ စစ်ရေးဆောင်ရွက်ချက်တွေ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
စက်တင်ဘာလ (၅)ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ လအိ(ဘန်ကောက်)စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား (၉)ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။