စက်တင်ဘာလ (၂၂)ရက်။
ပြည်တွင်းပဋိပက္ခတွေမှာ စစ်အသုံးစရိတ်ကို နှစ်စဉ် ဘီလီလျံနဲ့ချီပြီး သုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကို သုံးချင်တိုင်း သုံးမရဘူးလို့ မနေ့က ရေဘေးအတွက် အလှူငွေတွေ လက်ခံတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့လဲ ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် သုံးချင်တိုင်းသုံးလို့မရပါဘူး၊ သုံးချင်တိုင်း သုံးလို့ရှိရင် ဘတ်ဂျက်မှာလဲ သွားပြီးတော့ အများကြီး စကားပြောပါတယ်” လို့ သူက ဆိုပါတယ်။
အခုအခါ ရေဘေးသင့်ခဲ့ရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်ဆိုပြီး လှူဒါန်းရာမှာ စစ်ကောင်စီအနေနဲ့ ငွေကျပ် (၃၂)ဘီလီလျံကျော် ရရှိထားတယ်လို့ သိရပါတယ်။
အခုလို လိုအပ်ချက်တွေရှိလာတဲ့အခါ ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားသလို ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပြီးအောင် အကောင်အထည်ဖော်ရာမှာ ဝိုင်း၀န်းကူညီပေးကြဖို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလဲ ဝိုင်း၀န်းကူညီပေးကြဖို့နဲ့ မဲစာရင်းတွေ ပြုစုပြီး ရွေးကောက်ပွဲတွေ ပြုလုပ်တဲ့အခါမှာ ဝိုင်း၀န်းပါ၀င်ပေးကြဖို့ တိုက်တွန်းထားပါသေးတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကာကွယ်ရေးတစ်ခုထဲမှာတင် ငွေကျပ် (၅၆၀၀)ကျော်ဘီလီလျံ သုံးစွဲဖို့ လျာထားခဲ့ပြီး အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်သုံးစွဲသွားဖို့ရှိတာကို မတ်လပိုင်းထဲကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင်အစည်အဝေးမှာ ပြောဆိုခဲ့ပါတယ်။
အရေးပေါ်ရန်ပုံငွေ တိုးမြှင့်သုံးစွဲမယ်လို့ ပြောဆိုထားတဲ့ စစ်ကောင်စီဟာ အခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ ဘယ်လောက်သုံးစွဲမယ်ဆိုတဲ့ ပမာဏကို ထုတ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။