စက်တင်ဘာလ (၂၂)ရက်။
မနေ့က ညပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၁၀)နာရီ (၁၅)မိနစ်နဲ့ (၁၇)မိနစ်တို့မှာ ဗုံး (၂)ကြိမ် ကြဲချသွားတာ။ တစ်လုံးက အထက(၃)အနီးက နေအိမ် (၂)လုံးပေါ်ကျတယ်။ နောက်တလုံးက လားရှိုးမိုတယ်တခုအနီးက လမ်းပေါ်ကျတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ကြဲချခဲ့တဲ့အထဲ ဗုံးတစ်လုံးဟာ အမှတ်(၁၂)ရပ်ကွက်ရှိ အထက(၃)အနီးက နေအိမ် (၂)လုံးပေါ် ကျရောက်ခဲ့သလို ကျန်တစ်လုံးဟာ လားရှိုးမိုတယ်အနီး လမ်းပေါ် ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ထဲ အထက(၃)အနီးရှိ နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်တာမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဩဂုတ်လ (၃၀)ရက်နေ့အပါအ၀င် စက်တင်ဘာလ (၈)ရက်၊ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို လူသားစာနာမှုမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာကြောင့် ပျက်စီးဆုံးရှုံးတာ များပြားခဲ့တဲ့အပြင် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးတာတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ MNDAA ဘက်က နိုင်ငံရေးရပ်တည်ချက်ထုတ်ပြန်ခဲ့ရာမှာ အပစ်ရပ်ဖို့နဲ့ တရုတ်နိုင်ငံက မြန်မာအရေး ကြား၀င်ဖြေရှင်းရာမှာ ပူးပေါင်းသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။