စက်တင်ဘာလ (၃၀)ရက်။
မနေ့က စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ Loikaw Local PDF ထံ အလင်း၀င်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Loikaw Local PDF ထံ အလင်း၀င်လာတဲ့ စစ်ကောင်စီတပ်သားဟာ မောင်အေးချမ်းအောင်(ကိုယ်ပိုင်အမှတ် ပစ-၁၀၂၁၈၄)ဖြစ်ပြီး သူ့ရဲ့ သဘောဆန္ဒအရ လာရောက်ပူးပေါင်းတာလို့ ဆိုပါတယ်။
တပ်သား မောင်အေးချမ်းအောင်ဟာ တပ်သားသစ်စုဆောင်းတာမှာ အတင်းအဓမ္မ ခေါ်ဆောင်ခံရတာဖြစ်ပြီး ပြည်သူတွေရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းချင်တာကြောင့် CDM ပြုလုပ်တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သား မောင်အေးချမ်းအောင်ဟာ MA-11 သေနတ်တစ်လက်အပါအ၀င် ကျည်ဘောက် (၃)ဘောက်၊ ကျည်ဆံ (၂၄၇)တောင့်၊ လက်ပစ်ဗုံး (၁)လုံးနဲ့ (၁၄)မိုင်း (၁)လုံးတို့ ယူဆောင်ကာ အလင်း၀င်ခိုလှုံလာတာပါ။
လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Loikaw Local PDF)အနေနဲ့ တပ်သား မောင်အေးချမ်းအောင်လိုမျိုး အလင်း၀င် ပူးပေါင်းခိုလှုံမယ့်သူတွေကို စိစစ်ပြီး လက်ကမ်းကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။