အောက်တိုဘာလ (၂)ရက်။
မနေ့ကညပိုင်းအချိန်မှာ ကျောက်ဆည်မြို့၊ ဆင်မင်းဘိလပ်မြေစက်ရုံအနီး တောင်းကျချောင်းကို ဖြတ်မောင်းတဲ့ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး ကားနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ မနေ့က ည (၇)နာရီခွဲလောက်မှာ ကျောက်ဆည် ဘိလပ်မြေစက်ရုံနားက တောင်ကျချောင်းကို ဖြတ်မောင်းတဲ့ ကားတစ်စီး ရေစီးနဲ့အတူမျောပါသွားတာပါ။ ဒီနေ့ နံနက်ပိုင်းမှာတော့ ကားနဲ့ ရုပ်အလောင်းကို ပြန်တွေ့တာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။
တောင်ကျချောင်းကို ဖြတ်မောင်းရာကနေ ရေစီးနဲ့ပါသွားတဲ့ ကားနဲ့ ကားမောင်းသူရဲ့ ရုပ်အလောင်းကို ဒီကနေ့ နံနက်ပိုင်းအချိန်က ပြန်လည်ဆယ်ယူရရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တောင်ကျချောင်းရေထဲ မျောပါသေဆုံးသွားသူဟာ စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံက စက်ရုံမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ညီဇော်ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။
အခုလို စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး တောင်ကျချောင်းရေထဲ မျောပါသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။