အောက်တိုဘာလ (၃)ရက်။
မနေ့က ည (၇)နာရီ (၁၇)မိနစ်အချိန်က ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကားဝန်းရှေ့က စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ Rangoon Urban Column(RUC)ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အောင်မင်္ဂလာအဝေးပြေးကားဝန်းရှေ့ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ကို 79 ဗုံးပစ်လောင်ချာ (40mm)နဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပထမအကြိမ်မှာ ဗုံးသီးချို့ယွင်းချက်ဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ လိုအပ်တဲ့ပစ်မှတ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပေမယ့် သတင်းအတိအကျကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ RUC စစ်ကြောင်းရုံးက ပြောဆိုထားပါတယ်။
စစ်ဆင်ရေးထဲ RUC စစ်ကြောင်းက ရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စရဖရုံးကို တိုက်ခိုက်ခဲ့တာဟာ UG ရဲဘော်တွေကို လိုက်လံဖမ်းဆီးနေတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။