အောက်တိုဘာလ (၄)ရက်။
ပြည်တွင်းမှာ စက်သုံးဆီတွေကို ဝယ်ယူခွင့်ကတ်ပြားပုံစံတွေနဲ့ ဝယ်ယူနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စက်သုံးဆီအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ အခုက စက်သုံးဆီဝယ်ဖို့ ဝယ်ယူခွင့်ကတ်တွေဆိုပြီး နမူနာပုံစံထွက်လာတာတွေ့ရတယ်။ ဘယ်လိုမျိုးလုပ်မယ်ဆိုတာတော့ သေချာမသိရသေးဘူး၊ ပြောနေကြတာတော့ ဒီလထဲ အကောင်အထည်ဖော်မယ်ဆိုပြီး ကြားနေရတယ်” လို့ ဆိုပါတယ်။
ဆီဝယ်ယူခွင့်ကတ်တွေပြုလုပ်ကာ စက်သုံးဆီဝယ်ဖို့ကို အခုရက်ပိုင်းထဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ နမူနာပုံစံကတ်တွေကို တွေ့ရှိနေရပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်ထုတ်ပြန်လာတာ မရှိသေးပါဘူး။
စက်သုံးဆီဝယ်ယူတဲ့အခါ ဝယ်ယူခွင့်ကတ်ပြားကို ယာဉ်နဲ့တစ်ပါထဲ ယူဆောင်လာဖို့နဲ့ ဆီဝယ်ယူခွင့်ကတ်ပြားပါ ယာဉ်အမှတ်နဲ့သာ စက်သုံးဆီ ဝယ်ယူရမှာဖြစ်တယ်လို့ နမူနာပုံစံကတ်ပြားမှာ အသိပေးထားပါတယ်။
ဒီလို ဝယ်ယူခွင့်ကတ်တွေအသုံးပြုပြီး စက်သုံးဆီဝယ်ယူဖို့ကို အခုအောက်တိုဘာလထဲ အကောင်အထည်ဖော််နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့လဲ ဒေသတွင်းသတင်းတွေက ရေးသားထားကြပါတယ်။
စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းလာတဲ့နောက်ပိုင်း ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းဟာ ဆယ်ဆခန့် မြင့်တက်လာခဲ့သလို ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာပါ စက်သုံးဆီ ပြတ်လပ်တာတွေကို မကြာခဏဆိုသလို ကြုံတွေ့နေရပါတယ်။
ဒီကနေ့ ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းဟာ ၉၂ တစ်လီတာကို (၂၉၅၅)ကျပ်နဲ့ ၉၅ တစ်လီတာကို (၃၁၀၀)ကျော်ဖြစ်ပြီး ဒီဇယ်တစ်လီတာကို (၂၅၇၀)ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ (၃၁၉၀)ကျပ်ဖြစ်တယ်လို့ သိရပါတယ်။