အောက်တိုဘာလ (၅)ရက်။
စက်တင်ဘာလ (၃၀)ရက်နေ့က ဖာပွန်ခရိုင်ရှိ ဖာဂေါ်လိုးစခန်းကနေ ပေါ်ခေးခို(ဘော်စဲခို)ဘက်ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေကို လယ်ဝါးထာနဲ့ စောမူပလောဒေသမှာ KNLA တပ်မဟာ(၅) လက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ရှုံးစစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ တပ်ခွဲမှူး (၂)ဦးအပါအဝင် စုစုပေါင်း(၃၀)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံကနေ ၆၀မမ (၅)လက်၊ RPG တစ်လက်၊ MA-1 (၁၆)လက်၊ MA-2 (၃)လက်၊ MA-3 (၅)လက်၊ MA-4 တစ်လက်၊ A-5 တစ်လက်၊ ၉မမ ပစ္စတိုတစ်လက်၊ စက်လက် (၂)လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး (၄)လုံး၊ စကားပြောစက်အသေးတစ်လုံးနဲ့ မိုင်းရှင်းစက်တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ထွက်ပြေးသူတွေလဲရှိကာ ပျောက်ဆုံးနေပြီး ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်ရှိမရှိကိုတော့ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။