အောက်တိုဘာလ (၅)ရက်။
တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေဟာ (၆)သန်းခွဲကျော်အထိ ရှိလာပြီလို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားတဲ့ (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပေါင်း (၁၇၀၀၀)ထက်မနည်းဖြစ်ပွားခဲ့ပြီး နိုင်ငံထဲက မြို့တွေရဲ့ (၇၀)ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တို့ဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် အနည်းဆုံး မြို့ (၇၄)မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို မြန်မာစစ်တပ်က မရှုမလှ ရှုံးနိမ့်ဆုတ်ခွာတာတွေ ကြုံတွေ့ခဲ့ရတာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာလေ့လာသူအများစုကို အံ့အားသင့်စေခဲ့တယ်လို့ ISP-Myanmar က ပြောဆိုထားပါတယ်။
ဒါ့အပြင် ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် လူသားလုံခြုံရေးကိစ္စနဲ့ အရပ်သားပြည်သူတွေအပေါ် ကာကွယ်ပေးနိုင်ဖို့ကိစ္စတွေဟာ ပိုပြီးခက်ခဲလာနေတယ်လို့ ရေးသားထားပါတယ်။
ပြည်တွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို ရေကြီးရေလျှံတာတွေကြောင့် ရေဘေးဒဏ်ကိုပါ ခံစားနေရကာ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။