အောက်တိုဘာလ (၈)ရက်။
မနေ့က နေ့လယ် (၃)နာရီ (၅၀)မိနစ်အချိန်မှာ အမ်းမြို့အခြေစိုက် နပခဌာနချုပ်အနီးက စစ်ကောင်စီရဲ့ မဲတောင်ဗျူဟာကုန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမ်းမြို့နယ်ထဲ လက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ မဲတောင်စခန်းတစ်ခုလုံးနဲ့ အနီးဝန်းကျင်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မဲတောင်ဗျူဟာကုန်းဟာ နပခဌာနချုပ်နဲ့ (၁၄)ကီလိုမီတာခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။
မဲတောင်ဗျူဟာကုန်းဟာ စစ်ကိုင်းတိုင်း ကလေး၊ မော်လိုက်နဲ့ ဟုမ္မလင်းအခြေစိုက် စကခ(၁၀) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ(၃၆၂/၃၆၅/၃၆၉)၊ နပခလက်အောက်ခံ တပ်ရင်းအချို့နဲ့ စကခ(၅) လက်အောက်ခံ ခမရ(၃၄၆/၃၇၃/၃၇၂) တပ်ရင်းတွေ စုပေါင်းထားတာလို့ ဖော်ပြထားပါတယ်။
မဲတောင်ဗျူဟာစခန်းကုန်းနဲ့ ဆက်စပ်စခန်းကုန်းတွေကို AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတာ ကာလအတန်ကြာမြင့်ခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာရဲ့ အနောက်ဘက် မီတာ (၄၀၀)ခန့်အကွာမှာ စက်တင်ဘာလ (၂၆)ရက်နေ့က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်းရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့တာလို့လဲ ပြောဆိုထားပါတယ်။
စစ်ရေးအရ အရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရှုံးမဲမဲကာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။