အောက်တိုဘာလ (၉)ရက်။
ရန်ကုန်မှာ နယ်မြေတည်ငြိမ်ဖို့နဲ့ လုံခြုံရေးလုပ်ငန်းတွေကို တိုင်းစစ်ဌာနချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကုန်းမြင့်သာမှာ ရန်ကုန်တိုင်းနဲ့ပတ်သက်တဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲ့ဒီအဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးသတိ အမြဲရှိနေဖို့နဲ့ လုံခြုံရေးအသိနဲ့ အမြဲစောင့်ကြည့်နေဖို့ ညွှန်ကြားခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လည်အပ်နှင်းမယ်လို့ ပြောဆိုထားတာကို အကောင်အထည်ဖော်နေပြီး နိုင်ငံရေးမှာ မရိုးသားရင် မရိုးသားတာရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားရမယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
နောက်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေအနေနဲ့ လုံခြုံရေးကျိုးပေါက်တာတွေ မဖြစ်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ကြပ်မတ်ဆောင်ရွက်နေဖို့လိုတယ်လို့လဲ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လုံခြုံရေးနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ လုံခြုံရေးဆိုတာမရှိဘဲ လုံခြုံရေးပိုင်းဆိုင်ရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ကိုလဲ စစ်ခေါင်းဆောင်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။