အောက်တိုဘာလ (၉)ရက်။
မနေ့က ညနေ (၄)နာရီခွဲအချိန်မှာ ရေဦးမြို့နယ်အနောက်ခြမ်းရှိ တင်းတိမ်ရံရွာဈေးအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညနေပိုင်းက မိတ္ထီလာရှမ်းတဲဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးတာမရှိဘဲ တင်းတိမ်ရံရွာဈေးအနီးကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
တင်းတံရံရွာဈေးအနီးကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကြောင်းထိုးတာမရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် (၆)လသားအရွယ်နဲ့ (၃)နှစ်အရွယ်အပါအဝင် (၃)ဦး သေဆုံးခဲ့ပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုလို တင်းတိမ်ရံရွာဈေးအနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလ (၅)ရက်နေ့ ညနေပိုင်းကလဲ တံတားဦးလေတပ်ကနေ တက်လာတဲ့ YAK-130 ဂျက်ဖိုက်တာနဲ့ ဘုရားကုန်းနယ်မြေပေါ် ပေါင် (၅၀၀)ဗုံးတစ်လုံး ကြဲချခဲ့ပါသေးတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ (၂)ကြိမ်ထဲမှာ ကလေးငယ် (၂)ဦးနဲ့ မိခင်ဖြစ်သူအပါအဝင် အမျိူသမီး (၂)ဦး စုစုပေါင်း (၄)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တင်းတိမ်ရံရွာက ဒေသခံပြည်သူတွေဟာ အောက်တိုဘာလ (၅)ရက်နေ့ကစပြီး အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်သတ်ဖြတ်တာတွေကြောင့် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။