အောက်တိုဘာလ (၁၀)ရက်။
ကလေးမြို့နယ်ပကဖက ဖမ်းဆီးသွားတဲ့ သံဃာတော် (၄)ပါးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို တမူးခရိုင်သံဃနာယကဆရာတော် ဥုးဇနကက NUG ရဲ့ စစ်ရေးချုပ်ရုံးထံ မနေ့က မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။
“ အောက်တိုဘာလ (၁) ရက်နေ့မှာ ကလေးမြို့နယ်ပကဖက သံဃာတော် (၄) ပါးကို ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးခံရတာက ရန်မျိုးအောင်ရွာဆရာတော်ရယ် လက်ဆေးကန်တောရဆရာတော်ပါ၊ နောက်ပြီး ဇိုလင်းဆရာတော်နဲ့ ကံအောင်ဆရာတော်လဲ ထပ်ပြီး ဖမ်းဆီးခံရပါတယ်” လို့ မိန့်ကြားထားပါတယ်။
ကလေးမြို့နယ်ပကဖက အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်မှာ ရန်မျိုးအောင်ရွာရှိ ရွာကျောင်းဆရာတော်နဲ့ တောရဆောက်တည်နေတဲ့ လက်ဆေးကန်ဆရာတော်တို့ကို ဖမ်းဆီးသွားခဲ့တာလို သိရပါတယ်။
နောက်ပြီး အဲ့ဒီတစ်ရက်ထဲမှာပဲ ညနေ (၅)နာရီခွဲအချိန်က ဇိုလင်းရွာဆရာတော်နဲ့ ကံအောင်ရွာဆရာတော်တို့ကို ထပ်မံဖမ်းဆီးသွားခဲ့ကြပါတယ်။
သံဃာတော်တွေဟာ ဝါတွင်းကာလ ဝါပန်ထားတာကြောင့် (၇)ရက်ထက်ကျော်ပါက ဝါကျိုးကာ ဝိနည်းမညီတော့တဲ့အတွက် တရားဥပဒေနဲ့အညီ စိစစ်ပြီးပါက အမြန်ဆုံးပြန်လွှတ်ပေးဖို မေတ္တာရပ်ခံထားပါတယ်။
သံဃာတော် (၄) ပါးကို ကလေးမြို့နယ်ပကဖက ဖမ်းဆီးထားတာဟာ အခုဆိုရင် (၁၀)ရက်ကြာပြီဖြစ်ကာ ဘယ်လိုအကြောင်းကိစ္စကြောင့် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။