အောက်တိုဘာလ (၁၀)ရက်။
မနေ့က နံနက် (၁၁)နာရီအချိန်က ပခုက္ကူမြိ့မရဲစခန်းက စစ်ကောင်စီရဲတပ်သားတစ်ဦး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာသူဟာ ပခုက္ကူမြို့မရဲစခန်းက အသက် (၃၁)နှစ်အရွယ် ရဲတပ်သား အောင်ဗိုလ်မင်း (အမှတ်-၂၈၀၆၁၇)ဖြစ်ကာ Earthquake People’s Defense Force ထံ ချိတ်ဆက်ဝင်ရောက်လာတာလို့ ဆိုပါတယ်။
သူဟာ အူစီအမျိုးအစား ကျည်ဘောက် (၂)ဘောက်၊ ၉မမ ကျည် (၁၀၀)တို့ကို ယူဆောင်ကာ ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီရဲတပ်သားကို ကာကွယ်ရေးတပ်ဖွဲ့က နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ပြီး လုံခြုံတဲ့နေရာကို အသက်အာမခံချက်အပြည့်နဲ့ ပို့ဆောင်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့ပေါ်ရှိ စခန်းအသီးသီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူအပေါ် လူမဆန်စွာ တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။
အလင်းဝင်လာတဲ့သူတွေကို ဆုကြေးငွေနဲ့အတူ မိသားစုတွေရှိရာကို ပို့ဆောင်ပေးသွားမယ်လို့လဲ Earthquake People’s Defense Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။