သမ္မတရုံမှာပြုလုပ်မယ့် စစ်တပ်ထောက်ခံသူ ယုန်လေးရဲ့ ပရိုမိုးရှင်းပွဲကို မသွားကြဖို့ GHF မေတ္တာရပ်ခံထား
အောက်တိုဘာလ (၁၁)ရက်။
မနေ့က နေ့လယ် (၁၂)နာရီခန့်မှာ ရန်ကုန်မြို့ အလံဘုရားလမ်းပေါ်က သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီယာယီဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အလံပြဘုရားလမ်းပေါ် သမ္မတရုပ်ရှင်ရုံအနီးမှာ စကစ စခတွေအထိုင်ချထားတဲ့ ယာယီဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ရာသီဥတုအခြေအနေတွေကြောင့် ထိခိုက်တာကို မသိရသေးပါဘူး” လို့ ဆိုပါတယ်။
မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံးဝအုပ်ချုပ်ခွင့်မရစေဖို့နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရာသီဥတုနဲ့ အခြေအနေတချို့ကြောင့် ထိခိုက်တာကို မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
“ အမာကိုရှောင်ပြီး အပျော့ကိုနင်းရမှာပဲ၊ လုံခြုံရေးပတ်လယ်ကြားက ရသလိုပေါ့၊ ရာသီဥတုကြောင့် ထင်တိုင်းမပေါက်ခဲ့ပေမယ့် ဒီကောင်တွေအတွက် ရန်ကုန်က ရုပ်ရောစိတ်ပါ မလုံခြုံစေရဘူး။ ဒါ့ထက် စကစ လက်ဝေခံ ဘောမလဲဖြစ်တဲ့ ယုန်လေးရဲ့ သမ္မတမှာလုပ်မဲ့ ပရိုမိုးရှင်းပွဲကို မသွားကြဖို့ အထူးမေတ္တာရပ်ခံပါတယ်” လို့ GHF က ပြောဆိုထားပါတယ်။
GHF အနေနဲ့ ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မလုံခြုံတဲ့စိတ်နဲ့ ရှိနေရမှာဖြစ်သလို သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ဖို့ရှိနေတဲ့ စစ်တပ်ထောက်ခံသူ သရုပ်ဆောင် ယုန်လေးရဲ့ ပရိုမိုးရှင်းပွဲကို ပြည်သူတွေအနေနဲ့ မသွားဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ဆင်ရေးပြီးနောက် ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး အဲ့ဒီလိုတိုက်ခိုက်တာဟာ “ M O43 စစ်ဆင်ရေး” အနေနဲ့ သတ္တမမြောက် တိုက်ခိုက်ခဲ့ကာ နည်းပညာနဲ့ ခဲယမ်းကူညီပေးတဲ့ Tiger Dragon Revolution Force(TRDF)ကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဒေါက်တိုင်တွေ၊ လုပ်ငန်းဌာနတွေ၊ စစ်ကောင်စီရဲ့ အထိုင်ကင်းတွေ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။