အောက်တိုဘာလ (၁၁)ရက်။
အောက်တိုဘာလ (၇)ရက်နေ့က နတ်မြစ်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၅)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ အာရက္ခရေပိုင်နက် နတ်မြစ်ထဲ ဝင်ရောက်ငါးဖမ်းတဲ့ စက်လှေ (၂)စီးထဲက တစ်စီးကို AA ရဲ့ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ စက်လှေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၅)ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး ယာယီထိန်းသိမ်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ ညှိနှိုင်းတောင်းဆိုချက်အရ ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ခေါ်ယူစစ်မေးနေချိန်မှာ အတင်းအဓမ္မ စစ်ဆေးမေးမြန်းတာတွေနဲ့ ရိုက်နှက်တာတွေ မပြုလုပ်ခဲ့ဘဲ သက်ဆိုင်ရာအာဏာပိုင်တွေကလဲ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကနေ အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်ဝင်ရောက်လာသူတွေကို အာရက္ခတပ်တော်(AA)အနေနဲ့ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာမဆို ကောင်းမွန်စွာ ကယ်ဆယ်ထားပြီး ပြန်လည်လွှဲပြောင်းအပ်နှံတာတွေ ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ နတ်မြစ်ကြောင်းတလျှောက် အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်တာ မရှိစေဖို့အတွက် ဒေသခံတွေနဲ့ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။