အောက်တိုဘာလ (၁၃)ရက်။
မနေ့က ည (၉)နာရီအချိန်က ရန်ကုန်တိုင်း၊ တာမွေမြို့ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာရွှေဆိုင်အနီးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ တာမွေ ဦးချစ်မောင်အိမ်ရာက 29 ရွှေဆိုင်နားမှာ ဗုံးပေါက်တာ။ စခတွေလဲရောက်လာပြီး အဝိုင်းထိပ်ကုန်းကျော်တံတားကိုပါ လမ်းပိတ်တာတွေလုပ်သွားတယ်။ တော်တော်ကြာမှ ပြန်ဖွင့်ပေးတာ” လို့ အနီးဝန်းကျင်နေသူတစ်ဦးက ဆိုပါတယ်။
တာမွေမြို့ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာရွှေဆိုင်အနီး ဗုံးပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီး မိနစ်ပိုင်းအကြာ လမ်းပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် 29 ရတနာရွှေဆိုင် ထိခိုက်တာရှိမရှိကိုတော့ မသိရသေးဘဲ ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ် မဖြစ်ခင်အချိန်ကထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေကြတာလို့လဲ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။
29 ရတနာရွှေဆိုင်ဟာ ဝန်ထမ်းတွေအပေါ် အကြမ်းဖက်တာတွေရှိခဲ့ပြီး စစ်တပ်ကို ငွေကြေး လှူဒါန်းတာတွေအပါအဝင် စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်သူတွေလို့လဲ ပြောဆိုထားတာတွေ ရှိနေပါတယ်။
ဝန်ထမ်းတွေအပေါ် အကြမ်းဖက်တာနဲ့ စစ်တပ်နဲ့ ဆက်နွယ်ကာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေဖို့ ထောက်ပံ့ပေးနေတဲ့ 29 ရတနာရွှေဆိုင်ကို ဝေးဝေးရှောင်ပြီး မပတ်သက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတယ်လို့ သိရပါတယ်။