အောက်တိုဘာလ (၁၃)ရက်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေနဲ့ ခုံရုံးတွေရဲ့ ရှေ့မှောက်မှာ အပြစ်သားတွေအနေနဲ့သာ ရှိသင့်တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူတွေကို မသမာတဲ့ ရွေးကောက်ပွဲတွေကတဆင့် ခေါင်းဆောင်တွေအနေနဲ့ လှည့်ဖြားခွင့်ပြုတာက လူသားဆန်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံအုတ်မြစ်တွေကို ပျက်ရယ်ပြုတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ နိုင်ငံတကာအသိုက်အဝန်းက လိုအပ်တဲ့ အရေးယူဆောင်ရွက်တာတွေကို ပြုလုပ်ဖို့ ပျက်ကွက်နေတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မီးမောင်းထိုးပြနေတာလို့ ပြောဆိုထားပါတယ်။
နောက်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တာတွေ အဆတ်မပြတ်ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အခုလိုမျိုး အတုအယောင်ရွေးကောက်ပွဲက တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် နစ်နာသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ပေးတာက အရေးကြီးပြီး တရားမျှတမှုကို ဘယ်လိုအကြောင်းပြချက်နဲ့မဆို လျစ်လျူရှုဖို့ ကြိုးပမ်းတာတွေကို လက်သင့်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို မျက်ကွယ်ပြုပြီး ကျူးလွန်သူတွေကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးမူတွေ ဆက်လက် ချိုးဖောက်ခွင့်ပြုထားကာ ကုလလုံခြုံရေးကောင်စီရဲ့ ပျက်ကွက်တာကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။
အခုအချိန်ဟာ ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ဖြစ်ကာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ သံအမတ်ကြီးက တိုက်တွန်းထားပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် စက်ဝန်း အဆုံးသတ်မှသာ အကြမ်းဖက်မှုသံသရာ ရပ်တန့်မှာလို့ ပြောဆိုထားချက်အရ သိရပါတယ်။