အောက်တိုဘာလ (၁၄)ရက်။
ရခိုင်ပြည်နယ် ဂွမြို့နယ်အနီး အကြမ်းဖက်စစ်တပ်ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားတွေကို လိုက်လံဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။
“ တပ်ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းတာကနေ ဂွမြို့ရိုးကျော်လမ်း ဖျံချောင်းနားမှာ သူတို့ချင်းချင်း အပြန်အလှန် ပစ်ခတ်ကြတာပါ” လို့ ဆိုပါတယ်။
စစ်တပ်ထဲက ထွက်ပြေးလာတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ အောက်တိုဘာလ (၁၁)ရက်နေ့ နံနက် (၃)နာရီအချိန်မှာ မိနစ် (၂၀)ခန့်ကြာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တာတွေထဲ ထွက်ပြေးလာတဲ့ တပ်သားတွေထဲက တစ်ဦး ပစ်သတ်ခံရပြီး (၃)ဦး ပြန်လည်ဖမ်းမိခဲ့ကာ ဖမ်းမိသူတွေထဲက တစ်ဦး ထပ်မံ သတ်ဖြတ်ခံခဲ့ရသလို (၂)ဦးကို ဂွတပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂွတပ်ရင်းကနေ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား (၁၅)ဦးခန့်ရှိပြီး ပြန်လည်ဖမ်းဆီးခံရသူနဲ့ အသတ်ခံရသူတွေရှိကာ စာရင်းအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ဘေးရှောင် အများအပြား ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးလာတာတွေရှိတယ်လို့ သိရပါတယ်။