အောက်တိုဘာလ (၁၅)ရက်။
ပင်လယ်ဓါးပြတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်ထဲ စွန့်ပစ်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆)ဦးကို ကယ်တင်စောင့်ရှောက်ပေးခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလုပ်သား (၁၆)ဦးပါတဲ့ မော်တော်ဘုတ်တစ်စီးဟာ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီအချိန်က ဘင်္ဂလားပင်လယ်အော်ထဲ ငါးရှာဖို့ ထွက်လာခဲ့တာလို့ ဆိုပါတယ်။
(၂)ပတ်ခန့်ကြာမြင့်တဲ့ ငါးဖမ်းလုပ်ငန်းကို ဟာမာအူလာစ်က ဦးဆောင်ခဲ့တာဖြစ်ပြီး တပတ်ခန့်အကြာ အောက်တိုဘာလ (၄)ရက်နေ့ ညနေ (၆)နာရီခန့်မှာ အမည်မသိလက်နက်ကိုင် ဘင်္ဂါလီ (၆၀)ဦးခန့်က ဓါးပြတိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပင်လယ်ဓါးပြအဖွဲ့ဟာ ရေလုပ်သားငါးဖမ်းသမားတွေရဲ့ မော်တော်ဘုတ်ကို ဝိုင်းရံထားပြီး ပစ်ခတ်သတ်ဖြတ်ဖို့ ခြိမ်းခြောက်ကာ ရေလုပ်သားတွေရဲ့ မော်တော်ဘုတ်မှာပဲ ဖမ်းဆီးလှောင်ပိတ်ခဲ့တာလို့ ရေးသားထားပါတယ်။
နောက်ပြီး ဓါးပြအဖွဲ့ဟာ ရေလုပ်သားတွေကို သေနတ်ဒင်၊ တုတ်တွေနဲ့ ရိုက်နှက်ပြီး မော်တော်ဘုတ်မှာပါလာတဲ့ ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆားနဲ့ ပိုက်ကွန်တွေကို ယူဆောင်သွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ရေလုပ်သားငါးဖမ်းသမားတွေကို အစာရေစာ မတိုက်ကျွေးဘဲ (၂)ရက်ခန့် ပိတ်လှောင်ထားခဲ့သလို ဓါးပြအဖွဲ့က မောင်တောမြို့ရှိ ကျောက်ပန္ဒူကမ်းခြေအနီး ကမ်းတင်ဖို့စီစဉ်နေချိန် AA က တွေ့ရှိကယ်တင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ ပင်လယ်ဓါးပြတွေရဲ့ ရိုက်နှက်တာတွေကြောင့် ဒဏ်ရာရသူတွေကို ဆေးကုသပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ပြီး မနေ့က ညနေပိုင်းအချိန်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။