အောက်တိုဘာလ (၁၅)ရက်။
မနေ့က ညနေ (၆)နာရီခွဲအချိန်က လားရှိုးမြို့ (၁)ရပ်ကွက်ရှိ နားမခေါ်ကားဂိတ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ညနေ (၆)နာရီ (၃၁)မိနစ်အချိန်မှာ လားရှိုးမြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာပါ။ စစ်ကောင်စီ (၁)ရပ်ကွက် နားမခေါ်ကားဂိတ်အနီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ (၁)ရပ်ကွက်ရှိ နားမခေါ်ကားဂိတ်အနီးကို လေကြောင်းကနေ ဗုံး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်စီးလာသူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့က နံနက်ပိုင်းကလဲ လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး (၇)လုံး ကြဲချခဲ့တာကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို စစ်ကောင်စီဟာ မနေ့က တရက်ထဲ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၄)ဦးအထိ သေဆုံးခဲ့ရပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးအပါအဝင် မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့နေပြည်သူတွေဟာ ကြောက်လန့်စိုးရိမ်နေကြရတယ်လို့လဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။