အောက်တိုဘာလ (၁၇)ရက်။
မနေ့က ညနေ (၆)နာရီခွဲအချိန်က ထောက်ကြန့်မြို့ လှော်ကားလမ်းဆုံအနီး (၁၀၆) စစ်ကောင်စီဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ညနေ (၆)နာရီခွဲလောက် လှော်ကားလမ်းဆုံအနီး ၁၀၆ စခဂိတ်ကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်တာတွေကိုတော့ မသိရှိရသေးပါဘူး” လို့ ဆိုပါတယ်။
လှော်ကားလမ်းဆုံအနီးရှိ (၁၀၆) စစ်ကောင်စီဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ ထိခိုက်တာတွေကို မသိရှိရသေးဘဲ အဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေကို နေ့တိုင်း ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ပစ်မှတ်တွေကိုလဲ ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လဲ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ အရပ်ဝတ်တွေ သွားတဲ့နေရာတွေကို မသွားကြဖို့နဲ့ ဝေးဝေးကနေ ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။