အောက်တိုဘာလ (၁၈)ရက်။
မနေ့က နံနက် (၄)နာရီခွဲအချိန်မှာ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
လေးကေ့ကော်မြို့သစ်အနီး ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မစခ(၆၀၆)လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို KNLA ဦးဆောင်ပြီး KNDO နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတပ်စခန်းကို (၇)လကြာ ဝန်းရံပိတ်ဆို့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းတွေအပြင် (၁၂၀)မမ လက်နက်ကြီး (၂)လက်၊ ပွိုင့်ဖိုက်တစ်လက်နဲ့ လက်နက်ငယ်တွေအပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမြောက်စခန်းဟာ ၂၀၀၃ခုနှစ်ကစပြီး ထိုင်း-မြန်မာ နယ်စပ်တပ်စခန်းအနေနဲ့ စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံတပ်တွေက တာဝန်ယူခဲ့ကာ စစ်တပ်အာဏာသိမ်းချိန်မှာ တပ်မ(၂၂)၊ (၄၄)နဲ့ ကမ်းရိုးတန်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး အဲ့ဒီတပ်စခန်းကို နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ စခန်းတစ်ခုဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိတာပါ။
ဒါ့အပြင် လေးကေ့ကော်မြို့သစ်ကို ကျူးကျော်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး မြဝတီနဲ့ ဖလူးဒေသတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျူးလွန်နေတဲ့ တပ်စခန်းဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။