အောက်တိုဘာလ (၁၉)ရက်။
ဒီကနေ့ နံနက် (၅)နာရီကျော်အချိန်က နောင်ချိုမြို့ တောင်ရပ်ကွက်ထဲ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး (၂)ကြိမ် ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နောင်ချိုမြို့ တောင်ရပ်ကွက်ထဲကို စစ်ကောင်စီက (၅)နာရီ (၁၅)မိနစ်မှာ တစ်ကြိမ်နဲ့ (၂၅)မိနစ်မှာ တစ်ကြိမ် ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ ထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရပ်ကွက်ထဲရှိ ဦးကျော်ရဲ့နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ကာ ဦးကျော်အပါအဝင် သူ့ရဲ့ သမီးမိန်းကလေး (၂)ဦး စုစုပေါင်း (၃)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာတော့ ဦးပြားရဲ့နေအိမ်ပေါ် ထပ်မံကျရောက်ပေါက်ကွဲခဲ့ကာ ဦးပြားနဲ့ သူ့ရဲ့ဇနီး မငယ်ချောအပါအဝင် (၃)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ နေအိမ် (၁၇)လုံး ပျက်စီးခဲ့ကာ အောက်တိုဘာလ (၁၇)ရက်နေ့ သီတင်းကျွတ်လပြည့်ညကလဲ နောင်ချိုမြို့ထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကလွဲပြီး ရှမ်းမြောက်ရှိ မြို့တွေအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေ ပျက်ပြားစေဖို့ နေ့တိုင်း ဗုံးကြဲကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။