ပေါက်ကွဲတဲ့ဖြစ်စဉ်ကို စိစစ်နေပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ စစ်ကောင်စီပြော
အောက်တိုဘာလ (၁၉)ရက်။
မနေ့က ညနေ (၄)နာရီခွဲအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ကာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်ရဲ့ ခေါင်မိုးမှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲတဲ့ဖြစ်စဉ်ကြောင့် ခေါင်မိုးရေတလျှောက်အနီးက အုတ်ကြွပ်အမိုး (၂)ပေခန့် ပျက်စီးခဲ့ကာ လူနဲ့ အခြားထိခိုက်တာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အခုလို တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲတဲ့အကြောင်းအရင်းကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ စိစစ်နေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲခဲ့တာကြောင့် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့လဲ စစ်ကောင်စီက ပြောဆိုထားပါတယ်။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ လုံခြုံရေးတင်းကြပ်ထားတဲ့နေရာမှာ တည်ရှိကာ ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်သံရုံးဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။